Wednesday, June 20, 2012

ရခိုင်ပြည်တွင်းရေး

မသီတာထွေးအမှု တရားခံများအား သေဒဏ်ချလိုက်ပြီ

mathitharhtwesssssမသီတာထွေး အား အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုနှင့် သတ်ဖြတ်ခဲ့မှုတို့ ကျူးလွန်သူ တရားခံများအား
ကျောက်ဖြူခရိုင် တရားရုံးမှ တနင်္လာနေ့က သေဒဏ် ချမှတ် ...
နယူးဒေလီ (မဇ္ဈိမ) ။        ။ မသီတာထွေး အား အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုနှင့် သတ်ဖြတ်ခဲ့မှုတို့ ကျူးလွန်သူ တရားခံများအား ကျောက်ဖြူခရိုင် တရားရုံးမှ တနင်္လာနေ့က သေဒဏ် ချမှတ်လိုက်သည်။

ရုံးတော်တွင် တရာခံနှစ်ဦးဖြစ်သူ ရော့ပီး၊ ခိုချီးတို့ နှစ်ဦးနှင့် မိမိကိုယ့်ကို အဆုံးစီရင်သွားပြီးဖြစ်သူ ထက်ထက်တို့အား
ပြစ်မှုထင်ရှားသဖြင့် တရားသူကြီး ဒေါ်ဌေးဌေးကြည်က သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“မုဒိမ်းမှုက သေဒဏ်ချလို့ မရဘူး။ ဒီမုဒိမ်းမှုနဲ့ လုယက်မှု ပြစ်မှုနှစ်ခုကို ကျူးလွန်ပြီးချိန်မှာ လူသတ်မှု ကျူးလွန်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (ဂ) ဆိုတာနဲ့ အကြုံးဝင်သွားတာ။ အဲဒီပြစ်မှုတွေကို ကျူးလွန်တယ် ဆိုပြီး သုံးသပ်ပြီးတော့ နောက်ဆုံး သေဒဏ်ချလိုက်တာ” ဟု မဇ္ဈိမကို ပြောသည်။

မသီတာထွေးအမှုအား ကျောက်ဖြူခရိုင်တရားရုံးမှ ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ရုံးဖွင့်ရက်တိုင်း ဆက်တိုက်စစ်ဆေးလာခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့ သတ္တမ ရုံးချိန်း (အခင်းဖြစ်ပွားပြီး ၂၁ ရက်အကြာ) တွင် ယခုကဲ့သို့ စီရင်ချက် ချမှတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တရားခံများဘက်မှ ၇ ရက်အတွင်း အယူခံခွင့်ရှိကြောင်းလည်း “သေဒဏ်အမိန့် ဆိုတာက နေပြည်တော် တရားလွှတ်တော်ချုပ်က ၇ ရက်အတွင်း အတည်ပြုရမယ်။ နောက်ပြီးတော့ တရားခံဘက်ကလည်း ၇ ရက်အတွင်း အယူခံတက်ရမယ်။ ဒီသေဒဏ် အမိန့် အတည်ဖြစ်တာက တရားလွှတ်တော်ချုပ်က အတည်ပြုတဲ့ နေ့မှာမှ အတည်
ဖြစ်မယ်” ဟု ကိုယ်တိုင် ရှေ့နေတဦးလည်းဖြစ်သူ ဦးဘရှိန်က မဇ္စျိမကို ပြောသည်။

အယူခံတင်/မတင် မသိရှိရသေးသော်လည်း အမိန့်ချမှတ်စဉ်တွင် တရားခံများဘက်မှ မကျေမချမ်းဖြစ်သည့် အမူအရာ
ပြသခြင်း မရှိကြောင်း သိရသည်။

လာရောက်နားထောင်သည့် ၃ဝ ကျော်ရှိပြီး တစုံတရာ အနှောက်အယှက် မရှိဘဲ ရုံးတော်မှ အမိန့်ချမှတ်သွားကြောင်း သိရသည်။

ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့၍ ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးမှာ ယခုအခါ ကျောက်ဖြူအကျဉ်းထောင်တွင် ရှိကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းရွာမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေး အား အဓမ္မပြုကျင့်ကာ ပစ္စည်းလုယက်၍ သတ်ဖြတ်ခံခဲ့ရ၍ ဒေသခံ ရဲအဖွဲ့မှ ထက်ထက်၊ ရော်ပီးနှင့် ခိုချီးတို့ သုံးဦးအား မသင်္ကာ၍ ညတွင်းချင်း ဖမ်းဆီးခဲ့ကြသည်။

ထိုအဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေး အမုန်းပွားမှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာကာ လူပေါင်း ၅ဝ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။

ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာ၍ “အရေးပေါ် အခြေအနေ” ကို ဇွန်လ ၁ဝ ရက်နေ့က သမ္မတ အမိန့်ဖြင့် တပြည်နယ်လုံးသို့ ထုတ်ပြန်လိုက်ပြီး နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်နေ သည်။

လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြေရှင်းရန်နည်းလမ်း သမ္မတညွှန်ကြား


theinseinsပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများ အနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ် ...

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်
ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။

အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။
theinsein
“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။

မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင်
ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။

“ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။

ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ခဲ့မှုများကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။

“လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။

သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ၇.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။

စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲ
အောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။

“ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။

Tuesday, June 19, 2012

အညတရ သူရဲကောင်း ငါးဦးကို ဒေါ်စုမွေးနေ့မှာ ဆုချီးမြှင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲ ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ‘အညတရ သူရဲကောင်းဆု’ ချီးမြှင့်ခြင်း ...

ချင်းမိုင်၊ နယူးဒေလီ (မဇ္စျိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်
မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပခဲ့ပြီး တတိယအကြိမ် ‘အညတရ သူရဲကောင်းဆု’ ချီးမြှင့်ခြင်းလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အင်းစိန်ထောင်ရှိ ဦးခေမာစာရ (ခ) ကိုချမ်းသာ၊ မြင်းခြံထောင်ရှိ ဒေါက်တာကျော်ကျော်၊ သာယာဝတီထောင်ရှိ
မောင်လက်ျာထွန်း၊ မြင်းခြံထောင်မှ လွတ်မြောက်လာသည့် မလှလှမော၊ ပုသိမ်ထောင်မှ လွတ်မြောက်လာသူ ကပ်ခန့်ခွာ (ခ) အန်ထော်နီ တို့ကို ငါးဦးကို ‘အညတရ သူရဲကောင်းဆု’များ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အန်တီ့မွေးနေ့မှာ အညတရဆု ချီးမြင့်တယ်။ တကယ့်ကို နာမည်လည်း မထွက်ဘဲ နိုင်ငံရေးထဲမှာ ဝင်ရောက် လုပ်ကိုင်ပြီးတော့ အနစ်နာခံတဲ့လူတွေကို ဘုန်းကြီး၊ တိုင်းရင်းသားတွေ အားလုံး ပါဝင်အောင် တဦးချင်း ဆုပေးရေး အဖွဲ့က ရွေးချယ်လိုက်တယ်” ဟု ပြည်သူ့လွှတ်တော်အမတ် မဖြူဖြူသင်းက ပြောသည်။

ထိုဆုကို ၂ဝ၁ဝ ခုနှစ်မှ စတင်၍ ဂျပန်ရောက် မြန်မာပြည်သားများ ကမကထပြုခဲ့ခြင်း ဖြစ်ပြီး လူသိမများသော်လည်း တိုင်းပြည်နှင့် ဒီမိုကရေစီအရေး လုပ်ဆောင်သူများအား ချီးမြှောက်လိုခြင်း၊ ယင်းကဲ့သို့ လူများ ပိုမိုပေါ်ထွန်းလာရေးနှင့်
ပြည်တွင်း ပြည်ပ ဒီမိုကရေစီ လှုပ်ရှားသူများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆုချီးမြှင့်ရေး ကော်မတီ - ဂျပန်မှ တာဝန်ရှိသူ ကိုမင်းထက်ဇော်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု (၂ဝ၁၁ ခုနှစ်)ကို ဦးဝိရသူ (ခ) ဝင်းခိုင်ဦး၊ ကိုဇေယျာအောင် (မြစ်ကြီးနားထောင်)၊ ကိုသန့်ဇော် (သရက်ထောင်)၊ ဦးစွမ်းလှအောင် (ကျောက်ဖြူထောင်)နှင့် မမာမာဦး (ဗန်းမော်ထောင်) တို့ ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်က ပထမအကြိမ်အဖြစ် မဂ္ဂင်ကျောင်းဆရာတော် ဦးအိန္ဒက (လားရှိုးထောင်)၊ ဘိုးတော် ခင်ဝင်း (ခ) ဦးခင်ဝင်းနှင့် ကိုသန်းနိုင် (မအူပင်ထောင်)တို့က ရရှိခဲ့ကြဖူးသည်။

နံနက် ၁ဝ နာရီခွဲတွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မိုးပျံ ပူပေါင်းများ လွှင့်တင်ခြင်း၊ ချိုးငှက် များ လွှတ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် မွေးနေ့ သီချင်းသီဆိုကာ ပွဲကျင်းပခဲ့သည်ဟု ဗဟို အမျိုးသမီး လုပ်ငန်းအဖွဲနှင့် ဘဏ္ဍာရေးအဖွဲ့ဝင် ဒေါ်အေးအေးမာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့အတွက် ဗဟိုအမျိုးသမီးအဖွဲ့မှ စာတမ်း တင်သွင်းခဲ့သည်။

“အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကနေ ပြန်ပြီးတော့ ထွန်းလင်း တောက်ပြောင်လာတယ်ဆိုတဲ့ အကြောင်း၊ အမျိုးသမီးများအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ကနေ ကျမတို့က ဆက်ပြီး တာဝန် ထမ်းဆောင်သွားမယ်ဆိုတဲ့ စာတမ်းပါ” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းခဲ့သော အလှူငွေ ကျပ် ၅၆ သိန်းအား အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ အဖွဲ့ဝင် ၃ဝဝ ကျော် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်း ကမာရွတ်၊ လမ်းမတော်၊ စမ်းချောင်းမြို့နယ်များ အပါအဝင် အခြား မြို့နယ်များတွင်လည်း မွေးနေ့အခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။
dassknld67bird
ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း မဇင်မာအောင်နှင့် မခင်လေးတို့ ဦးဆောင်၍ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ ဖတ်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိန်းအမှတ်ပွဲ ကျင်းပခဲ့သည်ဟု မခင်လေး က ပြောသည်။

အမျိုးသမီး စာရေးဆရာမ ၁၁ ဦး၏ အမျိုးသမီးအခွင့်အရေးနှင့်တန်ဖိုး စာတမ်းဖတ်ခြင်း၊ ဒါရိုက်တာ ကြည်ဖြူရှင်၏ မှတ်တမ်းရုပ်ရှင် ပြသခြင်း၊ ရှေ့နေတဦး၏ အမျိုးသမီးနှင့်ဥပဒေ ဆိုသည့်စာတမ်း ဖတ်ခြင်း၊ ချင်းအမျိုးသမီးများ၏ ဝါးညှပ်အက ကပြခြင်း၊ လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်း၊ 7 days ဂျာနယ်မှ အယ်ဒီတာ ဒေါ်ငြိမ်းငြိမ်းနိုင်နှင့် NGO မှ ဒေါ်ထားထားတို့၏ ဆွေးနွေးချက်များ ပါဝင်သည်ဟု မခင်လေးက ပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ ဧမာနွေလ နှစ်ချင်းအသင်းတော် IBC ခန်းမဆောင်တွင်လည်း အင်္ဂါနေ့ နံနက် ၁၁ နာရီက အမျိုးသမီးများ ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်ပွဲတခု ကျင်းပခဲ့ကြသည်။

“သူ့ကို ကျမတို့ ချီးကျူးတယ်။ ဂုဏ်ပြုတယ်။ သူ ဦးဆောင်မယ်ဆိုလို့ရှိရင် ကျမတို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ
ကြားမှာ လုပ်နေတဲ့ ဆွေးနွေးပွဲတွေ လုံးဝ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် ဒေါ်စုကို ဦးဆောင်စေ ချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ကျမတို့ အမျိုးသမီးတွေလည်း ဦးဆောင်တဲ့နေရာမှာ ပါဝင်စေ ချင်တယ်။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါခဲ့ရင် အားနည်းချက်တွေ ရှိလာနိုင်တယ်။ ထိထိရောက်ရောက်
အောင်မြင်မယ် မထင်ဘူး” ဟု ကူကီးအမျိုးသမီးအဖွဲ့မှ မငိုင်ငိုင်းက ပြောသည်။

လူ ၅ဝ ခန့် တက်ရောက်သည့် ထိုပွဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သဘောထားများ ဆွေးနွေးဖလှယ်ခြင်း၊
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ဆုတောင်းပေးခြင်း၊ မြန်မာတပြည်လုံးနှင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋ္ဋိပက္ခများအတွက် ဆုတောင်းပေးခဲ့သည်ဟု သိရသည်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစုနေခဲ့သည့် အင်္ဂလန်နိုင်ငံ၊ အောက်စဖိုဒ့်မြို့တွင် သူ၏ သားနှစ်ဦးနှင့်အတူ မွေးနေ့မှာ အတူရှိနေမည် ဖြစ်ကြောင်း သိရသည်။